Geobulletin alpha

News from the Geoblogosphere feed

by Stratigraphy.net
New from Snet: Lithologs, a new tool to create lithological/sedimentological logs online..

Blog post recommendation

Liquefaction မြေပျော်ခြင်း (၁)

မြေပျော်ခြင်း liquefaction ဆိုသည်မှာ အလုံးအစေ့များနှင့် စုပေါင်းဖွဲ့စည်းထားသော မြေသားတစု ခဲဖွဲ့နေထားမှ မြေတွင်း ရေအား pore water pressure တိုးသဖြင့် အချင်းချင်း ထောက်ကန် ဖွဲ့စည်းမှု လျော့ကျပြီး အရည်သဘော ပြောင်းလဲပြုမူသွားခြင်း ဖြစ်သည်။ မြေပျော်ခြင်း ဖြစ်စဉ်ကြောင့် ကြိမ်ဖန်များစွာ လှုပ်ခါခံရခြင်းနှင့်အတူ ပွတ်လိမ် ခံရသဖြင့် မြေလွှာသည် ပျော့သွားသည်။ မြေပွများ၌ ပြတ်အားခံနိုင်ရည် shear strength ကျဆင်းခြင်းနှင့် အတူ မြေသည် အကြီးအကျယ် ပုံပျက်သွားယုံသာမက ပျော်ဆင်းသွား သည်။ အတော်အတန် သိပ်သည်းမှု ရှိသော မြေပြင်တလျောက် ခုံးလိတ်ကုန်တတ်သည်။ လျောစောင်း များ၌ မြေတုန်ခါမှုနှင့်အတူ မြေပြင်သည် ဘေးတိုက် ပြန့်ကား lateral spreading သွားကြသည်။ မြေပွတို့သည် မြေပျော် ဖြစ်စဉ်ကြောင့် သိပ်သည်းမှု ရရှိသွားသည်။ မြေတွင်းအောင်းရေ တိုးထွက်မှုကြောင့် မြေပြင်၌ သဲပွက်ခြင်း Sand boiling ရေပန်းထွက်ခြင်းများ ဖြစ်လေ့ရှိသည်။

ပုံ (၁) ၁၁-၁၁-၂၀၁၂ သပိတ်ကျင်း ငလျင်လှုပ်သဖြင့် အောက်ခံမြေတွင်း မြေပျော်မှု ဖြစ်ကာ အပေါ်ဖက် တာပေါင်ပျက်စီး သွားပုံ။ (ဓါတ်ပုံ - စိုးမင်း ၂၀၁၂)
ပုံ (၂) ငလျင် အရှိန်ကြောင့် သဲပွက် ထားသည့် နေရာ။ (ဓါတ်ပုံ - စိုးမင်း ၂၀၁၂)
ပုံ (၃) ငလျင်အရှိန်ကြောင့် မြေပြင် ပြန့်ကားသွားပုံ။ (အဆောက်အဦ မရှိသဖြင့် ပျက်စီးမှု သက်သာသော်လည်း စိုက်ပျိုးမြေ ပျက်မှုရှိကြောင်း သိနိုင်သည်။) (ဓါတ်ပုံ - စိုးမင်း ၂၀၁၂)

မြေပျော်ခြင်း ဖြစ်တတ်သော အကြောင်းများ
မြေသားတိုင်း မြေပျော်ခြင်း ဖြစ်နိုင်ပါသလား ဆိုတော့ မဖြစ်နိုင်ပါ။ အရေးကြီးသော စီမံကိန်း မြေနေရာများ၊ အဆောက်အဦများ အတွက် မြေပြင်ကို စူးစမ်းသောအခါ မြေပျော်ခြင်း ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆန်းစစ်ရန်အချက်များစွာ ရှိသည်။ ပထမဦးဆုံးအချက်မှာ အတိတ်က မြေပျော်မှတ်တမ်း ဖြစ်သည်။ ယခု မန္တလေးနှင့် စစ်ကိုင်းဝန်းကျင်ကို ဗဟိုချက်ပြု၍ လှုပ်ခဲ့သော ၁၈၃၉ အင်းဝငလျင်ကြီး ဖြစ်စဉ်အခါ အမရပူရ (ယခုမန္တလေး မတည်ရသေး။) နှင့် အင်းဝ၊ စစ်ကိုင်းပတ်ဝန်းကျင် မြေပျော်ခြင်း လက္ခဏာ များ အား မှတ်တမ်းတင်ထားသည်။ ၁၉၃၀ ပဲခူးငလျင်၊ ဖြူးငလျင်၊ ၁၉၉၁ တကောင်းငလျင်၊ ၂၀၀၃ တောင်တွင်းကြီး ငလျင်၊ ၂၀၁၁ တာလေ ငလျင်နှင့် ၂၀၁၂ သပိတ်ကျင်း ငလျင်များ၌ မြေပျော်ခြင်း ဖြစ်ရပ်များ မှတ်တမ်းများ ရှိထားသည်။ တကမ္ဘာတလွှား အတိတ်ငလျင် နှင့် မြေပျော်ခြင်း ဖြစ်ရပ်များအား Ambraseys (1988)၏ နှိုင်းယှဉ်လေ့လာတင်ပြချက်ကို ပုံ (၄)၌ ပြထားသည်။ ငလျင်အရွယ်အစားနှင့် ငလျင်စတင် ဖြစ်ရာ မြေပြင်ဗဟိုချက်မှ အကွာအဝေးအပေါ် လိုက်၍ မြေပျော်ခြင်း ဖြစ်နိုင်သည့် နေရာ အကျယ်အဝန်းကို မှန်းဆနိုင်သည်။


ပုံ (၄) ငလျင်ပမာဏနှင့် ငလျင်မြေပေါ်ဗဟိုချက်မှ တိုင်းတာသော မြေပျော်ခြင်း ဖြစ်ရပ်များတွေ့နိုင်သည့် အရပ် ဆက်စပ်ပြချက်။
ဘူမိဗေဒသဘောအရ မြေပျော်ခြင်းဖြစ်ရပ်သည် မြေနုများ၌ ပို၍ အဖြစ်များသည်။ မြစ်ချောင်းပို့ချ အနယ်များ၊ မြေနုကျွန်းများ၊ တောင်ခြေကျ အနယ်များ စသဖြင့် လွန်ခဲ့သောနှစ် တသောင်းတန်း ၂သောင်းတန်းက အနယ်များထိ ဖြစ်နိုင်သည်။ ထို့အပြင် ဖို့မြေများလည်း မြေပျော်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ ဖြစ်ရန် မြေအောက်ရေလည်း ရှိနေရမည်။ မြေသည် ရေဝနေရသည်။ ရံခါ မြေအောက်ရေသည် မြေပြင်နှင့် ညီနေသည့်အခါလည်း ဖြစ်တတ်သည်။ မှတ်တမ်းများ၌ မြေပြင်မှ တိုင်းလျှင် ၁၅ မီတာ (ပေ ၅၀) အနက်ထိ ငလျင်လှုပ်၍ မြေပျော်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ မြစ်ချောင်း၊ အင်းအိုင် စသည်တို့၌ ကျသောအနယ်များသည် အများအားဖြင့် သဲနှင့် သဲနုန်းများ ဖြစ်လေ့ရှိရာ ရေဝနေသော ထိုမြေများသည် မြေပျော်ခြင်း ဖြစ်နိုင်သော မြေအမျိုးအစားများ ဖြစ်သည်။ ထိုမြေများကို နမူနာကောက်ယူ ဆန်းစစ်သောအခါ ပုံ (၅)အတိုင်း မြေပျော်ခြင်း ဖြစ်နိုင်သော မြေများကို တွေ့ရသည်။

ပုံ (၅) မြေပျော်ခြင်း ဖြစ်တတ်သော မြေအမျိုးအစားများ။ အပေါ်ပုံသည် မြေပြင်၌တွေ့ရသော မြေအမျိုးအစားများ ဖြစ်ပြီး အောက်ပုံသည် ဖို့မြေများ၌ ဖြစ်တတ်သော မြေအမျိုးအစား ခွဲပြချက် ဖြစ်သည်။

မြေအမျိုးအစားများ ခွဲခြားရာ၌ မြေသားအားဖွဲ့စည်းသည့် မြေအလုံးအစေ့များကို လိုက်၍ ခွဲခြားရသည်။ မြေအလုံးအစေ့ အရွယ်အစား ၀.၀၀၂မီလီမီတာနှင့် ငယ်လျှင် ရွှံ့မှုန်၊ ၀.၀၀၂ မှ ၀.၀၇၅ မီလီမီတာကြားအရွယ်အစားကို နုန်းမြေ၊ ၀.၀၇၅ မှ ၄.၇၅ မီလီမီတာထိ သဲ၊ ၄.၇၅ မီလီမှ ၇၅ မီလီကို ကျောက်စရစ် စသဖြင့် ခွဲခြားသတ်မှတ်ထားသည်။ သဲ၊ ကျောက်စရစ် စသည်မြေများကို သတ်မှတ်ထားသော အရွယ်အစား အမျိုးမျိုးရှိသည့် စကာတိုက်၍ ခွဲခြားနိုင်သည်။ နုန်းမြေနှင့် ရွံ့မှုန်ကို ရေ၌ အနည်ကျစေပြီး ခွဲခြားနိုင်သည်။ ထို့ကြောင့် နုန်းမြေနှင့် ရွံ့မှုန်တို့သည် သဲမြေထက် ရေနှင့် စပ်သော ဂုဏ်သတ္တိများ ပိုပြသည်။ ရွှံ့မြေသည် ရေခြောက်နေသောအခါ မာသည်။ ရေနည်းနည်း ဝလာသောအခါ ပျော့သွားသည်။ ရေအလွန် တိုးလာသောအခါ ပျော်စီးသွားသည်။ ထို ရေပါဝင်မှုကိုလိုက်၍ ရေပျော်မှတ် Liquit Limit (LL)၊ ရေစေးမှတ် Plastic Limit (PL) ဟူ၍ စမ်းသတ်၍ ရသည်။ ထိုရေစေးမှတ်ရောက်သည့် အညွှန်းကို Plasticity Index (PI) ဟု ခေါ်သည်။
ရှေးက ပုံ (၅) အတိုင်း မြေပျော်ခြင်း ဖြစ်ရပ်အား သဲ၊ နုန်း စသည့် အလုံးအေစ့ဆန်သည့် မြေများ၌သာ ဖြစ်လေ့ ရှိသည်ဟု ဆိုကြသောလည်း နောက်ပိုင်း ကမ္ဘာတလွှား ငလျင်မှတ်တမ်းများနှင့် လေ့လာချက်များအရ ရွှံ့ဆန်သော မြေအချို့၌လည်း ဖြစ်တတ်ကြောင်း တွေ့ရှိရသည်။ မြေ၌ ရွှံ့မှုန် အချိုးဆ ၁၀ရာနှုန်းခန့် ပါဝင်ပြီး ရေပျော်မှတ် ၃၂ ထက်လျော့ပါက ထိုမြေသည် ငလျင်လှုပ်စဉ် မြေပျော်နိုင်သည်။ ငလျင်လှုပ်၍ မြေပျော်ခြင်း ဖြစ်တတ်သော ရွှံ့မြေရောသော မြေအမျိုးစားများအား ခွဲခြားပြပုံကို ပုံ (၆)၌ ပြထားသည်။

ပုံ (၆) မြေပျော်ခြင်း ဖြစ်နိုင်ချေရှိသော ရွှံ့ဆန်သော မြေအမျိုးအစားနှင့် ဆန်းစစ်ရန် အချက်များ။ (Seed et al, 2003)

Stratigraphy.net | Impressum
Ads: