Geobulletin alpha

News from the Geoblogosphere feed

by Stratigraphy.net
New from Snet: Lithologs, a new tool to create lithological/sedimentological logs online..

Blog post recommendation

တိုက်ကြီး ငလျင်

၂၀၁၇ မတ်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ညဦးပိုင်း ၈း၄၉း၀၆၌ တိုက်ကြီးမြို့ မြောက်ဖက် ၁၁ကီလိုမီတာ၊ ချိုးဖြူတမံ အနောက်မြောက်ဖက် ၅ကီလိုမီတာခန့်အကွာ မြေပြင်ဗဟိုချက်ပြု၍ ပမာဏ ၅.၁ ရှိသော ငလျင်တခု လှုပ်ခဲ့သည်။ ငလျင်ကြောင့် အဆောက်အအုံဟောင်းများ ပြိုကျခြင်း၊ လေးလံသော ပရိဘောဂပစ္စည်းများ ရွေ့ကုန်၊ လဲကုန်ခြင်းများ ဖြစ်ခဲ့သည့်။ လူ ၂ဦး သေဆုံးပြီး ၂၇ယောက် ဒဏ်ရာ ရကြောင်း သိရသည်။ ထိုအရပ်သည် ယခုမှ ငလျင်လှုပ်သည့်အရပ်မဟုတ်ဘဲ ယခင်ကလည်း ငလျင်ငယ်များ လှုပ်ခဲ့ဖူးသည်။ ငလျင်ဗဟိုချက်များ မှတ်တမ်းရရှိပုံကို ပုံ (၁) တွင် ပြထားသည်။
ပုံ(၁) တိုက်ကြီးတဝိုက် လှုပ်ခဲ့ဖူးသော ငလျင်များ။
တိုက်ကြီးနှင့် ထို ငလျင်ဗဟိုပြုရာအရပ်တို့သည် ပဲခူးရိုးမ အနောက်ဖက် အစွန်း၌ ရှိသည်။ ပဲခူးရိုးမသည် ဘူမိဖြစ်စဉ်အတိုင်း တဖြည်းဖြည်း မြင့်တက်လျှက် ရှိသည်။ စစ်ကိုင်းပြတ်ရွေ့ကို မေးတင်ကာ မြောက်ဖက်သို့ ရွေ့လျှက်ရှိသော ဘားမားမြေထုချပ်အား အနောက်ဖက်က အိန္ဒိယမြေထုချပ်က ဖိညှပ်ထားသည်။ ထိုဖိညှပ်အားကြောင့် ပဲခူးရိုးမ ကျောက်လွှာများအတွင်း ဒဏ်အားများ ကျရောက်နေသည်။ မြေထုချပ် ရွေ့မှု ဖြစ်စဉ်သည် အမြဲရှိနေသည်။ တိုက်ကြီးအရပ်ပါဝင်သော မြေထုချပ် တည်ဆောက်ပုံကို ပုံ (၂)တွင် ဖေါ်ပြထားသည်။
 ပုံ (၂) မြန်မာပြည်၏ တက်တိုးနစ်နေထားပြပုံ။ Nielsen (2004) ။ အနက်ရောင် မျဉ်းကို သုံး၍ ဘားမားမြေထုချပ်ကို ပြသည်။ အိန္ဒိယမြေထုချပ်ကို အညိုရောင် မျဉ်းသုံး၍ ဆွဲထားသည်။ ပုံတွင် တိုက်ကြီးနှင့် ငလျင်မြေပြင်ဗဟိုချက်နေရာအား မြားနီနှင့် ပြထားသည်။
ပုံတွင် ပြထားသည့်အတိုင်း အိန္ဒိယမြေထုချပ်သည် ထိုနေရာ၌ ဘားမားမြေထုချပ်အောက် ခပ်တိမ်တိမ်သာ စိုက်ဝင်ထားပြီး ဘေးတိုက်ဖိညှပ်ထားသည့် သဘောကို ဆောင်သည်။ ထိုဖိညှပ်ထားသည့်အားကို ကန်ပြီး ဘားမားမြေထုချပ်က မြောက်ဖက်သို့ ရွေ့သည်။ မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ စောင့်ကြည့် တိုင်းတာချက်များအရ ဤအရပ် (ချိုးဖြူတမံ တိုင်းတာရေး စခန်း)၏ ရွေ့နှုန်းသည် တနှစ်လျှင် ၁၃မီလီမီတာခန့် ရှိသည်။ စစ်ကိုင်းပြတ်ရွေ့ အရှေ့ခြမ်းနှင့် စာလျှင် ပို၍ မြန်သည့်သဘော ဖြစ်သည်။ ထိုအရှေ့အနောက်ဖိညှပ်မှုနှင့် တောင်မြောက်ရွေ့မှုတို့က ဖြစ်သော ဒဏ်အားများကို ဘားမားမြေထုချပ်သာမက အပေါ်ဖက်က ပဲခူးရိုးမကို ဖွဲ့စည်းထားသော ကျောက်လွှာစုများကိုပါ သက်ရောက်စေခဲ့သည်။ မြေထုချပ် စိုက်ဝင်မှုတိမ်ပြီး ဘေးတိုက်ရွေ့မှုများခြင်းသည် စောက်တိမ် ငလျင်များကို ဖြစ်စေသည်။ မတ်လ ၁၃ ငလျင်သည် စောက်တိမ် ငလျင်ဖြစ်သည်။ မြေအောက်အနက် ၅ကီလိုနှင့် ၁၀ကီလိုမီတာအကြား၌ ဖြစ်သည်။ ငလျင်လှိုင်းများမှတဆင့် ဖေါ်ပြသည့် ပြတ်ရွေ့လှုပ်ရှားပုံမှာ ဘေးတိုက် ရွေ့ပုံ ဖြစ်သည်။ ထိုအချက်သည် ပုံ(၂)က ပြသော တက်တိုးနစ်သဘောနှင့်လည်း ကိုက်ညီသည်။ နီးသော အကြောင်းကို ရှာသောအခါ ချိုးဖြူကန်၏ အနောက်ဖက်၌ ပြတ်ရွေ့တခုကို တွေ့သည်။ ၁၂ မှ ၁၅ ကီလိုမီတာခန့် ရှည်သည်။ အနီးရှိ ရွာကိုစွဲကာ ကျပ်ချောင်း ပြတ်ရွေ့ဟု ခေါ်မည်။ ထိုပြတ်ရွေ့ကို အခြား ကန့်လန့်ဖြတ် ပြတ်ရွေ့တခုက လာဆုံသည်။ ပုံ (၃)၌ ကြည့်ပါ။ ထိုသို့ ပြတ်ရွေ့ဆုံသော အရပ်များသည် များသောအားဖြင့် ဒဏ်အားများ ထုတ်လွှတ်ရာ အရပ်များ ဖြစ်နေတတ်သည်။
ပုံ(၃) ကျပ်ချောင်းပြတ်ရွေ့နှင့် တိုက်ကြီး ငလျင်။
ပဲခူးရိုးမအနောက်ခြမ်း၌ West Bago Yoma Fault (WBF) ဟုခေါ်သော ပဲခူးရိုးမ အနောက်ခြမ်း ပြတ်ရွေ့ဆိုပြီး ဘူမိဗေဒ စာပေ၌ ပြလေ့ရှိသည်။ ကျပ်ချောင်းသည် ထိုပြတ်ရွေ့နှင့် အတန်ဝေးသော နေရာ၌ ရှိသည်။ ပြတ်ရွေ့၏ အရွယ်အစားနှင့် ရခဲ့ဖူးသော ငလျင်မှတ်တမ်းများအရ တိုက်ကြီးအရပ်သည် ငလျင်ငယ်လေးများ လှုပ်တတ်သော်လည်း ပမာဏ ၅နှင့် အထက်ငလျင်များမှာ အနှစ် ၅၀လောက်မှ တခါ လာတတ်သည့် သဘော ရှိသည်။ တိုက်ကြီး ငလျင်သည် ဗဟိုချက်ကသာ တိုက်ကြီးအနီး ဖြစ်သော်လည်း အနီးအပါး အရပ်များကပါ ငလျင်အရှိန်ကို ခံစားကြရသဖြင့် ဒေသတွင်း ငလျင်အခြေအနေကို သိသာရန် တွက်ချက်၍ ပုံ(၄)တွင် ပြလိုက်ပါသည်။
ပုံ(၄) တိုက်ကြီးဒေသအတွက် ငလျင်ခန့်မှန်းတွက်ချက်မှု။

Stratigraphy.net | Impressum
Ads: