Geobulletin alpha

News from the Geoblogosphere feed

by Stratigraphy.net
New from Snet: Lithologs, a new tool to create lithological/sedimentological logs online..

Blog post recommendation

မြေပြိုမှုများ (၁) Landslides (1)

စာရေးသူသည် လွန်ခဲ့သည့် ၁၀နှစ်ကျော် (၁၉၉၉ မှ ၂၀၀၃ထိ)က ပုံညာတောင် ရထားဥမင်ဖေါက်လုပ်သည့် လုပ်ငန်းခွင်၏ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ဒီဇိုင်းပုံထုတ်အင်ဂျင်နီယာ လိုအပ်သည့် ပုံညာတောင် ကျောက်စိုင်စု၏ အင်ဂျင်နီယာအချက်အလက်များအား ဥမင်မဖေါက်လုပ်မီနှင့် ဖေါက်လုပ်ဆဲ ကာလများအတွင်း လေ့လာဆန်းစစ်ပေးခဲ့ရသည်။ ပုံညာတောင်ဥမင်သည် ကျော-ဂန့်ဂေါ လမ်းပိုင်း၌ ပါဝင်သော စီမံကိန်းတခုသာ ဖြစ်သည်။ ထိုစဉ်က ပုံညာတောင်နှင့် အနီးတဝိုက် မြန်မာ့မီးရထားက စီစဉ်ပေးသဖြင့် လေ့လာရေးခရီး အခေါက်ခေါက် သွားရသည်။ ထို့ကြောင့် ပုံတောင်၊ ပုံညာမှသည် ဂန့်ဂေါထိ ကျောက်လွှာစဉ်စု ဖွဲ့စည်းပုံကို အတော်ပင် ရင်းနှီးသည်။
      ပုံညာတောင်ဥမင် ဖွင့်လှစ်ခဲ့သည်မှာ ၂၀၀၃ ဖြစ်သောကြောင့် ဤစာရေးချိန်တွင် ၁၂နှစ်နီးပါး ကွာခြားခဲ့ပြီ ဖြစ်သည်။ ဤမျှလောက်သော အချိန်အားဖြင့် ပုံညာတောင်အား ဖွဲ့စည်းထားသော ကျောက်များ ပြောင်းလဲသွားမည် မဟုတ်ပေ။ ကျောက်များ မပြောင်းလဲသော်လည်း မြေပြင်သွင်ပြင် ပြောင်းလဲမှုများ ရှိနိုင်သည်။ ဥမင်သည် ၁၄၇၀မီတာ ရှည်ပြီး ပုံညာတောင်အား အရှေ့မှ အနောက်သို့ တည့်တည့် ဖေါက်ထားသည်။ အရှေဖက်ဥမင်ဝသည် သဲကျောက်ပြင်အား ဖေါက်ဝင်ထားပြီး အနောက်ဖက်ဥမင်ဝက ရွှံ့ဆန်သော ယှေးကျောက်အတွင်း၌ တည်ထားသည်။ ထိုကျောက်အမျိုးအစားများ မပြောင်းသော်လည်း ရေ၊ လေ၊ နေတို့နှင့် အမြဲထိတွေ့ရသော အပိုင်း၊ အထူးသဖြင့် ရွှံ့ဆန်သောယှေးကျောက်လို နေရာ၌ ဥတုအပြောင်းအလဲကြောင့် ဂုဏ်သတ္တိပြောင်းလဲမှု ရှိနေတတ်သည်။ သို့သော်လည်း ဥမင်က တောင်ကို တောင်ထိပ်မှ တိုင်းလျှင် မီတာ ၂၇၀ခန့် အနက်၌ ဖေါက်ထားသောကြောင့် မြေမျက်နှာ သွင်ပြင် အပြောင်းအလဲ ဖြစ်စဉ်များက ဥမင်အား မထိခိုက်နိုင်ပေ။ ပုံညာတောင် ဥမင် အရှေ့နှင့် အနောက်ဖက် ဝင်ပေါက်များအား ဂူးဂဲကမ္ဘာမှ မြင်ရပုံအား ပုံ (၁) နှင့် (၂)၌ ပြထားသည်။

ပုံ (၁)ပုံ (၂)
ပုံညာတောင်ဥမင်အား မိတ်ဆက်ခဲ့သော်လည်း ဤနေရာ၌ ဥမင်အကြောင်း ပြောဆိုလိုရင်း မဟုတ်ပါ။ ကောင်းကင်ပုံများမှ တဆင့် မြင်ရသည့် တောင်ကို ရစ်ပါတ်ဖေါက်ထားသော ရထားလမ်းများနှင့် မြေပြင်ပြောင်းလဲမှု ဖြစ်စဉ်များ၏ အဆက်အစပ် တချို့အား တင်ပြ ဆွေးနွေးလိုခြင်းသာ ဖြစ်သည်။ ဥမင်ဖေါက်စဉ်က အချို့ အပိုင်း၌ မြေညှိလမ်းထိုးမှုများ လုပ်နေသော်လည်း ထိုရထားလမ်းများ မရှိသေးပါ။ မှန်းဆရသည်မှာ လွန်ခဲ့သော ၁၀နှစ်လောက်ကတည်းက ကျော-ဂန့်ဂေါလမ်းပိုင်း ပြီးစီးခဲ့ပြီး ရထား ပြေးဆွဲနေခဲ့ပြီဟု ထင်ပါသည်။ တောင်ကြောများအတိုင်း ရစ်ပါတ် ဖေါက်လုပ်ရသဖြင့် အချို့ တောင်ခါးပန်းများအား ဖြတ်တောက်ကာ အချို့ ချောက်များအား မြေဖို့ တာပေါင်ပြုလုပ်ပြီးမှ သံလမ်းများ ခင်းရသည်။ တချို့ချောင်းများ၌ တံတားများ ဆောက်ရသေးသည်။ ထိုဆောက်လုပ်ပြီးသွားသော ရထားလမ်းပိုင်း၌ ယခုအခါ အင်ဂျင်နီယာပိုင်း၌ ဘာများ ဆက်လုပ်ရန် ကျန်ပါသေးသနည်း။ ကျန်ပါသည်။ လမ်းပိုင်း ထိမ်းသိန်းရေး ဖြစ်သည်။ ရထားလမ်း အန္တရာယ်ကင်းအောင် လမ်းကို ပြုပြင်နေရပါသည်။ သို့သော် ထိုပြုပြင်မှုလုပ်ငန်းများ၌ အချက်တခုအား ထည့်သွင်း စဉ်းစားကောင်း စဉ်းစားထားနိုင်သော်လည်း ထင်မှတ်ထားသည်ထက် ပို၍ များနေသည့် အချက်တခုကို တင်ပြလိုက်ပါသည်။ ထိုအချက်မှာ တောင်ပြိုခြင်း (မြေပြိုခြင်း)နှင့် ရေတိုက်စား ခံရခြင်းတို့ ဖြစ်သည်။
       လမ်းအူကြောင်း ရှာစဉ်က ချောင်းနှင့် ချောက် မည်မျှ ဖြတ်ကျော်ရနိုင်သည်၊ ထိုချောက်များအား မြေဖို့၍ ဖြတ်ကျော်ရန်အတွက် မည်မျှ ဖို့ရမည်။ တံတား မည်မျှ ဆောက်ရမည် စသည်တို့အား တွက်ချက် စီမံထားပြီး ဖြစ်သည်။ ထိုတွက်ချက်သည့်အတိုင်းပင် ဖို့ထားသည်ကို ကောင်းကင်ဓါတ်ပုံများမှတဆင့် မြင်ရသည်။ သို့သော် ထိုဖို့မြေနေရာ၌ အသစ်အသစ်များကို မြင်ရသည်။ ပုံ(၂) နှင့် (၃) ၌ ပုံဟောင်းနှင့် ပုံသစ် ၂ခုကို ယှဉ်၍ ပြထားသည်။ ပုံဟောင်းသည် ၂၀၁၁က ရိုက်ယူထားသည့်ု့ ဖြစ်ပြီး ပုံသစ်က ၂၀၁၄ ဖြစ်သည်။ ၃နှစ်တာအတွင်း အကြီးစားပြန်လည် ဖို့ရသည်ဟန် တူသည်။ ဘယ်အချက်များ လေ့လာရန်၊ ထည့်သွင်းစဉ်းစားရန် ကျန်သနည်း။
ပုံ (၃)
ပုံ (၄)မြေဖို့သည် လုပ်ငန်းစဉ်အား အသေးစိပ် (မည်သည့်နေရာက မြေသားယူသည်။ ထိုမြေသားသည် ဘယ်လို အမျိုးအစား ဖြစ်သည်။ မည်သည့်ယန္တယားများကို သုံးသည်။ တာပေါင်အရွယ်အစား၊ အမြင့်၊ အောက်ခြေ အကျယ် စသည်) မသိသောကြောင့် ဤနေရာ၌ ချန်လှပ်ထားခဲ့သည်။ ပုံ (၃) နှင့် (၄)၌ မြင်ရသည့်အတိုင်း ဆိုရလျှင် ဖို့မြေသစ်နေရာ၏ လကျာ်ဖက် (အထက်ဖက်)၌ ချောင်းငယ်လေးများအား မြင်ရသည်။ တောင်ကျချောင်းငယ်များ ဖြစ်သောကြောင့် မိုးတွင်း ရေကျလျှင် တဟုန်ထိုးဆင်းတတ်သည်။ မိုးကုန်ကာစအထိလည်း စိမ့်ရေရှိနေနိုင်သေးသည်။ ထိုကဲ့သို့သော ချောင်းအား မြေဖို့ပိတ်ဆို့ရန် မဖြစ်နိုင်ပေ။ ဖို့ခဲ့လျှင် တာပေါင်၏ အထက်ဖက်၌ ရေကန်တခု ဖြစ်လာကာ ရေစုထားသကဲ့သို့ ဖြစ်လာမည်။ တောင်စောင်း၌ ရေလှောင်ကန်တခုလို ဖြစ်လာသောကြောင့် စုမိသော ထိုရေသည် လမ်းကြောင်း ရှာ၍ တောင်အောက်သို့ ဆက်လက် စီးပေမည်။ ထိုရေထု၏ ဖိအားကြောင့်ပင် တာပေါင်အောက်ခြေ ရေဝ၊ စိမ့်ထွက်လိမ့်မည်။ ထို့အပြင် တာပေါင်အထက်၌ ကြာမြင့်စွာ ရှိနေသော ရေကြောင့် တာပေါင် ရေဝကာ သိပ်သည်းဆ ပြောင်းလဲခြင်း၊ မြေသားအိခြင်းတို့ ဖြစ်လာကာ မူလတင်ထားသော တာပေါင်အတိုင်း မရှိနိုင်တော့ပေ။ အောက်ခြေ ရေစားခြင်း၊ တာပေါင်ပဲ့ကျခြင်းများ ဖြစ်လာမည်။ အနည်းငယ်သော တာပေါင်ပဲ့ခြင်း၊ အိကျခြင်းသည်ပင် ရထားလမ်း တည်ငြိမ်မှုကို ထိခိုက်နိုင်သဖြင့် ပြုပြင်ရန် လိုအပ်လာပြန်သည်။ နှစ်တိုင်း ဤသို့ ပြင်ရလျှင် တွက်ချေမကိုက်လှ။ တောင်ကျရေကို စနစ်တကျ လမ်းလွှဲပေးခဲ့လျှင် ပို၍ ထိရောက်နိုင်သည်ဟု ထင်မြင်မိသည်။
ရှေ့၌ ပြခဲ့သည့်အတိုင်း ဤအရပ်ဒေသရှိ ကျောက်လွှာများမှာ ပုံတောင် သဲကျောက်ဟု ခေါ်သည့် ထူထဲကျစ်လျစ်သော သဲကျောက်လွှာကြီးများ နှင့် ရွှံ့ဆန်သော ယှေးကျောက်များ ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းသုံးသည့်အခါ သဲကျောက်များအား ထုခွဲ၍ သုံးနိုင်သည်။ သို့သော် ပုံတောင် သဲကျောက်အား အရွယ်အစားသေးသော ကျောက်တုံး အပိုင်းအစများအဖြစ် ထုခွဲ၍ သုံးရန် မသင့်တော်သည်ကို တွေ့ရသည်။ အရွယ်အစားသေးအောင် ကြိတ်ခွဲလိုက်ပါက သဲမှုန်များအဖြစ်ပါ ပြောင်းသွားတတ်သည်။ ယှေးကျောက်သည် အလွှာထပ်နေသော သဲမှုန်နှင့် ရွှံ့တို့ မာကျောကာ ဖြစ်သည့် ကျောက်မျိုး ဖြစ်သည်။ ဤနေရာ၌ ရွှံ့ဆန်သော ယှေးကျောက်ဟု သုံးနှုံးလိုက်ခြင်းမှာ ထို ယှေးကျောက်လွှာက ရေနှင့် အထိအတွေ့အပေါ်လိုက်၍ အချိန်မရွေး ရွှံ့ကဲ့သို့ ပြုမူသွားနိုင်သောကြောင့် ဖြစ်သည်။ ရေစိုရေခြောက် အကြိမ်အရေအနည်းငယ်အတွင်း ပြိုကွဲသွားနိုင်သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးရန် မသင့်တော်ပေ။ အထက်၌ပြခဲ့သည့် ဖို့မြေများ၌ ဤကဲ့သို့ မြေမျိုး ဖို့ထားမိပါလျှင် မကြာခန ပြင်ရနိုင်သည်ဟု ယူဆနိုင်သေးသည်။

Stratigraphy.net | Impressum
Ads: