Geobulletin alpha

News from the Geoblogosphere feed

by Stratigraphy.net
New from Snet: Lithologs, a new tool to create lithological/sedimentological logs online..

Blog post recommendation

တောင်ဘွေတံတား Taungbwe Bridge

လွန်ခဲ့သော ၄ရက်လောက်က မိုး ၄၊ ၅ ရက် ဆက်တိုက်ရွာပြီးနောက် တောင်ဘွေတံတား ကျိုးကြောင်း ပြည်မြို့မှ သတင်းရသည်။ အမှတ်တမဲ့ ဆို မိုးကြီးပြီး ချောင်းရေကျ၊ ချောင်းရေတိုက်စားသဖြင့် တံတားဟောင်း ကျိုးသည် ဟုသာ ထင်လိုက်သည်။ တံတားသက်တမ်းမှာ နှစ် ၄၀ခန့် ဟုဆိုသည်။ သို့သော် မှတ်တမ်း ဓါတ်ပုံများအား ပြန်ကြည့်သော အခါ အင်ဂျင်နီယာများ အတွက် သင်ခန်းစာယူစရာ တခုဟု ယူဆသဖြင့် မိမိ၏ သုံးသပ်ချက်အား ရေးပြလိုက်ပါသည်။ တောင်ဘွေသည် ဧရာဝတီမြစ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့ တောင်ဖက် ဧရာဝတီမြစ် အနောက်ကမ်းက ရွာကြီး ဖြစ်သည်။ တောင်ဘွေချောင်းက ရွာလယ်က ဖြတ်ထားသည်။ ထိုချောင်းကို ဖြတ်၍ လွန်ခဲ့သော နှစ် ၄၀လောက်က ဆောက်လုပ်ထားခဲ့သော တံတား ဖြစ်သည်။ အကျယ် ၃၅ပေ၊ အရှည် ၆၀ပေ ရှိသည်။ ပုံ (၁)၌ တောင်ဘွေတံတား တည်နေရာကို ပြထားသည်။ ပုံ (၁) တံတားတည်ဆောက်ပုံမှာ ကမ်းပါး တဖက်တချက်၌ ထုံးစံအတိုင်း ပုခုံးထမ်း abutment များ ဖြစ်ပြီး တံတားတိုင် ၂ ခုအား ချောင်းကို ခွကာ ထည့်သွင်းထားသည်။ ချောင်းမှာ တောင်ခြေကို ဖြတ်စီးကာ အရှေ့ဖက် ဧရာဝတီသို့ စီးသောချာင်း ဖြစ်သည်။ ထို့ကြောင့် ချောင်း တဖက်တချက်၌ ကမ်းပါးမြင့်များ ရှိနေသည်။ တံတားတိုင်ကို ထိုကမ်းပါးစောင်းအား ထွင်း၍ ထူထားသည်။ တံတားတိုင်နှင့် ပုခုံးထမ်းများ အားလုံးကို တဆက်တည်း ဆောက်ထားသဖြင့် မြေထိန်းနံရံကဲ့သို့ ဖြစ်နေသည်။ ထိုအချက်သည် တံတားကျိုးရခြင်း၏ ပထမ အကြောင်း ဖြစ်သည်။ မြေထိန်းနံရံကဲ့သို့ ဖြစ်နေသောကြောင့် ထိုနံရံ၏နောက်ဖက်၌ မြေတွန်းအားကို ဖြစ်စေသည်။ မိုး အဆက်အပြတ်ရွာသောကြောင့် ထိုနံရံနောက်ဖက် မြေသားအတွင်း အောင်းရေ porewater တိုးလာခြင်းနှင့်အတူ နံရံအပေါ် ဖိအားကို တိုးစေသည်။ ထို့အပြင် ထိုအောင်းရေက တံတားတိုင် အောက်ဖက်၌လည်း ကျုံ့ခြင်း ပွခြင်းကိုလည်း ဖြစ်စေသည်။ တနွေလုံး ခြောက်၍ ကျုံ့နေသော တောင်စောင်းမြေသည်လည်း ထိုအောင်းရေကြောင့်ပင် ပွကာ မြေသားအတွင်း တွန်းကန်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် တောင်စောင်း မြေသားသည် သူ၏ပင်ကိုယ် အလေးချိန်နှင့် အောင်းရေအားတို့ကြောင့် ချောင်းဖက်သို့ အိကျသွားသည်။ ပုံ (၂)၌ ထိုအိစင်းသွားသော လျောပြင်အား မျဉ်းနီများနှင့် ပုံကြမ်း ရေးဆွဲ ပြထားသည်။ တံတားတိုင်၏ အောက်ခြေကိုပါ ဖြတ်သွားသည်ဟု ယူဆရသည်။ ထို့ကြောင့် တံတားတိုင်ခြေ၌ မြေသား၏ ဝန်အားခံနိုင်မှု ပျောက်ဆုံးကာ လည်ဆင်းသွားရခြင်း ဖြစ်သည်။ တံတားတိုင်၏ အောက်ခြေ မြေဝင်အနက် မလုံလောက်ဟု ပြောနိုင်သည်။ အချုပ်ဆိုရလျှင် ဤဖြစ်ရပ်သည် geotechnical failure သာ ဖြစ်သည်။ ပုံ (၂) နောင် အသစ်ဆောက်လျှင် ဤအချက်များကို သာမက မြေသားနှင့် ဆက်စပ်သော ဖြစ်စဉ်များကို သေသေချာချာ လေ့လာ ပုံထုတ် တည်ဆောက်သွားရန် တိုက်တွန်းလိုက်ပါသည်။ တောင်စောင်း ပြိုမပြိုကို စီစစ်ရန်။ မြေသား၏ ဝန်အား ခံနိုင်မှုကို စီစစ်ရန်။ အောင်းရေမတိုးအောင် ဒီဇိုင်း၌ ထည့်သွင်းရန်။ တောင်စောင်းနှင့် တံတားတိုင်ခြေကို ရေမစားရန် အကာအကွယ်များ ထည့်သွင်းထားရန် စသည်ဖြင့် စသည်ဖြင့် စဉ်းစားဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်။။

Stratigraphy.net | Impressum
Ads: